Monday, September 14, 2009

“အတ္တလွတ်မြောက်ရာနယ်မြေ”


သူငယ်ချင်း
မင်းတွေးထင်ကြည့်
တို့ငယ်စဉ်ကသင်အံရသည်
အနန္ဒသူရိယ
ရေးဖွဲ့အပ်သည့် သံဝေဂလင်္ကာ
ကြားယောင်လာပြီး
စိတ်မှာစွဲငြိ
သတိသမ္ပဇဉ်အတွေးဝင်ခဲ့


ရွှေအိမ်နန်းနှင့်ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်
စည်းစိမ်မကွာမင်းချမ်းသာကား
သမုဒ္ဒရာထက်
ခဏတက်သည့်ရေပွက်ပမာ
တစ်သက်လျာတည်းတဲ့


သူငယ်ချင်း
မတည်ငြိမ်ခြင်းမမြဲခြင်းကို
ရင်တွင်းငြိအောင်

သတိဆောင်ဖို့
ပုံဆောင်ညွှန်ကြား
သည်စာသားကိုမင်းလည်းနားလည်
ငါနားလည်ခဲ့

သူငယ်ချင်း
မင်းမြင်အောင်ကြည့်
အပုပ်ကောင်ကရုပ်ဆောင်ပြပြီး
ဟုတ်လှပြီထင်
လူ့ဘ၀င်ကို
ဆင်ခြင်တုံဘိ

ပညာရှိသည်သတိနှင့်ယှဉ်
ဥာဏ်ဖြင့်မြင်လော့
လူနှင့်လူချင်း
ပေါင်းဖေါ်ခြင်းတွင်
ရင်တွင်းမေတ္တာဂရုဏာထား
ဆက်ဆံငြားမှ
အများလူတွင် ဘ၀င်ငြိမ်းချမ်း
ရွှင်ကြည်လန်းလိမ့်


နိမ့်လျှင်လှံစိုက်

မြှင့်လျှင်ကြိုက်သည့်
စရိုက်ဥာဉ်ဆိုးရိုက်ပယ်ချိုးပြီး
ကိုယ်ကျိုးစွန့်ကာလက်တွဲပါမှ
သာယာရွှေပြည်
ရောက်လေမည်မှာ
မလွှဲပါတည်း

(တော်ဝင်နန်း)

No comments: