
ရာဇ၀င်ကို ဖြတ်သန်း
ကမ်းမြင် လမ်းမြင် ပန်းတိုင်မြင်
သန့်သန့်စင်စင် စီးဆင်းခဲ့တဲ့မြစ်။
နယ်ချဲ့တော်လှန်ရေးတွေကို
သွေးနဲ့ ကမ္ဗည်းတင်
သမိုင်းတွင်စေခဲ့တဲ့မြစ်။
နိုင်ငံဂုဏ်နဲ့ လူမျိုးဂုဏ်ကို
အဟုန်ပြင်းပြင်း၊ သူ့ချစ်ခြင်းနဲ့
အဆင်းလှလှ၊ သင်းမြမြ
ဝင်းပတောက်ပြောင်စေခဲ့တဲ့မြစ်။
စပါးဆန်ရေ၊ ပေါများစေဖို့
ရေကြည်သွန်းလောင်း၊ သူ့လမ်းကြောင်းမှာ
ပန်းပေါင်းများစွာ ပွင့်လန်းစေခဲ့တဲ့မြစ်
မြေပုံအပေါ်မှာ လဲလျောင်း
မျဉ်းကလေးတကြောင်းအဖြစ်
မျက်နှာငယ်နေရှာရတော့မယ့်မြစ်။
သောင်ပေါ်ကိုင်းပျက်၊ လယ်ကွက်ပတ်ကြား
တောများမိုးခေါင်၊ တောင်တွေကတုံး
နုံးချိခွေယိုင်၊ သောကလှိုင်ဆူ
အပူအပင်များတော့မယ့်မြစ်။
သူချစ်တဲ့ပင်လယ်ဆီ
ရေကြည်တွေခန်းခြောက်
ရောက်အောင်မသွားနိုင်တော့မယ့်မြစ်။
ရေကာတာတစ္ဆေခြောက်
အမောဖောက်ပြီး ရေပြတ်
ရေငတ်သေတော့မယ့်မြစ်။
နင်နေငါသွား
ကံတရားမဟုတ်
ယုတ်မာသူတွေရဲ့စနက်
အသက်ထွက်တော့မယ့်မြစ်။
ကုန်းပေါ်ရောက် ငါးတကောင်လို
အသက်ကို အငမ်းမရရှူရင်း
ကြေကွဲခြင်းတွေကို အလွမ်းနဲ့သီ
မနက်ဖန်တွေဆီကို ကြောက်ရွံ့စွာမျှော်လင့်
ရင်နင်နေတဲ့မြစ်။
ခင်ဗျားနည်း ခင်ဗျားဟန်နဲ့
ခင်ဗျားချစ်တဲ့မြစ်
ကျနော့်နည်း ကျနော့်ဟန်နဲ့
ကျနော်ချစ်တဲ့မြစ်။
အဲဒီမြစ်အတွက်၊ လက်ချင်းဆက်
ချီတက်ရဲရဲ၊ မဆုတ်ဘဲ
တိုက်ပွဲပျော်လိုက်ကြစို့လေး။ ။
No comments:
Post a Comment