Tuesday, May 25, 2010

တို့ဗမာသီချင်းစာသား နှင့် ဖြစ်ပေါ်ပုံ


တို့ဗမာ သီချင်း ဖွင့်ပွဲကို ၁၉၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ရွှေတိဂုံစေတီတော်ကြီး၏ ရာဟုထောင့်တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် သခင်ဘသောင်းက တို့ဗမာသီချင်း၏ အနက်အဓိပါယ်ကို အကျယ်တ၀င့် ရှင်းပြ၏။ ရာဇ၀င်သမိုင်းနှင့် ခင်းကျင်း ဖော်ထုတ်၏။ ထို့နောက် ဂီတစာဆို သီချင်းရေးဆရာ ၀ိုင်-အမ်-ဘီ-အေ သခင်တင် က ခေတ်ပေါ်တူရိယာများနှင့် တွဲဖက်လျှက် ကိုယ်တိုင် ကိုယ်ကျ သီဆိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ပရိသတ်က အထူးနှစ်ခြိုက်သဖြင့် ထပ်မံပွဲတောင်းကြသည်။ ထပ်မံသီဆိုကြရပြန်သည်။ သီချင်းအဆုံးတွင်မူ “သခင်မျိုးဟေ့ - တို့ဗမာ” ဟူသော ကြွေးကြော်သံလွမ်းမိုးသွားတော့သည်။ ဂီတနယ်ပယ်မှ ရအပ်သည့် ဇာတိမာန်စိတ် ဖြစ်လေသည်။ တို့ဗမာသီချင်း စာသားမှာ ဖော်ပြပါအတိုင်းဖြစ်၏။ ဇာတိမာန် သီချင်း ကို ချင့်တွက် နိုင်ပါသည်။
တကောင်း အဘိရာဇာ၊ တို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ ၊ ယိုးဒယားနှင့် ကုလားကိုပါ၊ တိုက်ခိုက်ကာ အောင်ခဲ့တာ တို့ဗမာ ၊ စိန်မှန်ကင်းစစ် ၊ အဖြစ်ကြီးဖြစ်လျှက် ထင်းတလှည့်ကြုံရ ၊ ထုံးနှင့် မသွေ ၊ လောကဓမ္မတာပေ၊ ငါတို့ ကံခေပြန်ရသလေ ၊ သို့သော် အရင်းကို စစ်လျှင်၊ ဗမာပြေ ၊ ငါတို့ ငါတို့ပြေ။
နောင်ဥဒါန်း ဘယ်မကြေစရာ၊ ရာဇ၀င်တင်ထား ၊ မျိုးရိုးနွယ်လာ၊ ကမ္ဘာတစ်ခွင်မှာဖြင့် ဗမာ အထင်အရှား၊ တို့ ခေတ်တွင်မှ ညံ့ကြတော့မှာလား ။တို့ဗမာ ၊ တို့ဗမာမဟုတ်လေသလား။ (တို့ဗမာ ၊ငါတို့ဗမာ)၂(ဒါ- ငါတို့ဗမာ)၂ အားလုံးညီညီ၊ ယောင်္ကျားဘသား တို့ဗမာ၊ နောင်လာနောက်သား ကောင်းစားဖို့ရာ ၊ တို့ကိုယ်ကျိုး လုံးလုံးမပါ၊ ရဲရဲဗမာ ပီပီ ဗမာပြေ၊ တို့ဗမာတို့ပါ။ သခင်ကျင့် ကို ကျင့်ကြပါ။ သခင်မျိုးဟေ့ တို့ဗမာ၊ မိုးအောက် မြေပြင်မှာ ၊ အထက်တန်းနှင့် စာမရီသွေး ၊ တို့ဗမာ။

(သံပြိုင်) ကမ္ဘာမကြေ ၊ ဗမာတစ်တွေ ( ဒါတို့ပြေ ဒါတို့မြေ ဒါ ငါတို့ပြေ)၃ (တို့ဗမာ)၃ ကို တိုင်းရင်းသားအကုန်အစင် တို့ပြေလို့မှတ်ထင် ၊တို့ဝတ္တရားပင် တို့ဗမာ သခင်။

အမျိုးသားရေး ကြိုးပမ်းကြပါ၊ တို့ဗမာဟေ့ ...တို့ဗမာ ၊ သြော် အမျိုးသားရေး ကို ကြိုးပမ်းကြပါ။ တို့ဗမာ ၊အရှေ့က နေ၀န်းထွက်သည့်ပမာ၊ တို့ ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ။ တို့ဗမာဟေ့ တို့ဗမာ၊ ဗမာပြည်တစ်ဝန်းအကုန် ၊ တို့အိမ်မှတ်ပါ ၊ တို့ယာမှတ်ပါ၊ အဲဒါ တို့ဗမာ။ ။

တို့ဗမာ သီချင်းသည် ထူးခြားပြောင်မြောက်သည့် သီချင်းဖြစ်သည်။ စကားလုံးရွေးချယ်မှု ပညာပါသည်။ စာသားအနေဖြင့် ဂုဏ်မြောက်သည်။လေးနက်သည့် အဓိပ္ပါယ်ဆောင်သည်။ သမိုင်းနောက်ခံ အကြောင်းအရာ ရှိသည်။ အားမာန်ပါသည်။ ခေတ်အမြင် ခေတ်အတွေးပါသည်။ နိုင်ငံ နှင့် လူမျိုးအတွက် ရေရည် မျှော်မှန်းချက်တွေထားသည်။ စည်းဝါးကာရံကောင်းသည် နှင့် အမျှ ဆိုရာတွင် အားမာန်ပြည့်စေ သည်။ သံပြိုင်များ ထည့်ထားသဖြင့် အများပြည်သူများ ပါဝင်သည်။ မြန်မာ တမျိုးသားလုံးနှင့် သက်ဆိုင်ကြောင်း ညွန်ပြနေသည်။

နိုးကြားခြင်း ၊ တက်ကြွခြင်း၊ ပြင်းထန်ခြင်း ၊ တစ်သွေးတည်း တစ်သားတည်း စိတ်ရှိုခြင်း ၊ ဇာတိမာန်သွေးတို့ သည် ဟူးဟူးပြောင်ပြောင် တောက်လောင်သည်နှင့် တူလာ၏။ မီးခဲပြာဖုံးစိတ်ဓါတ်များ နိုးကြားလာသည်။ ထို့ကြောင့် နယ်ချဲ့တို့ တုန်လှုပ်လာရသည်။ သီချင်းက ပေးလိုက်သော မြန်မာ့သမိုင်း ၊ မြန်မာဇာတိ၊ မြန်မာ့ အစဉ်အလာ၊ မြန်မာ့စိတ်ဓါတ်၊ မြန်မာ့အားမာန် ကို သိရှိသွားကြသည်။ အောင်မြင်သော ဇာတိမာန်တေး အဖြစ်သမိုင်းတွင်ရစ်ပေသည်။

သီချင်းဖြစ်ပေါ်ပုံမှာ လည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ ရေးစပ်တီးကွက်ရှာသူမှာ မန္တလေးဂီတလောက မှ ရန်ကုန်သို့ ဆင်းလာသော ၀ိုင်- အမ် -ဘီ-အေ ဆရာတင်ဖြစ်သည်။ ရန်ကုန်ရောက်သောအခါ သခင်ဘသောင်း ၊ သခင်လှဘော်တို့ နှင့်ပေါင်းမိသည်။ ၀ိုင် - အမ်-ဘီ -အေ ဆရာတင်မှ သခင်တင် ဘ၀သို့ ကူးပြောင်းသွား၏။ သခင်ပုဂ္ဂိုလ်များနှင့် စာသားညှိနိုင်း ရယူပြီးမှ ဥဒါန်းတွင်ရစ်သည့် တို့ဗမာသီချင်းကို ပြောင်မြောက်အောင်မြင်စွာ ရေးဖွဲ့ခဲ့ကြ ခြင်းဖြစ်ပေတော့သည်။

No comments: