Sunday, January 24, 2010

အွန်လိုင်းမှကြေးနန်းပေးပို့သည့်စနစ် စတင်အသုံးပြုနိုင်ပြီ


ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ အွန်လိုင်းအသုံးပြု၍ ကြေးနန်းပေးပို့နိုင်သော e-Telegram စနစ်တစ်ခုအား The 8th Myanmar ICT Week 2009 ဖွင့်ပွဲနေ့မှ စတင်ကာ ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ယခုစနစ်အား အသုံးပြုလိုပါက e-Telegram prepaid ကတ်ကို ဦးစွာဝယ်ယူရမည်ဖြစ်သည်။ ထို့နောက် www.etelegram.net.mmသို့ဝင်ရောက်ပြီး prepaidကတ်တွင် ပါဝင်သော username, passwordကို သက်ဆိုင်ရာနေရာတွင် ရိုက်ထည့်ကာ ကြေးနန်းပေးပို့နိုင်မည် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆိုပါဝန်ဆောင်မှုအတွက် prepaid ကတ်တစ်ကတ်လျှင် တစ်နှစ်စာအတွက် ကျပ်တစ်သောင်းသတ်မှတ်ထားပြီး အဆိုပါတစ်နှစ်အတွင်းတွင် ကြေးနန်းပေးပို့မည်ဆိုပါက မြန်မာစာလုံးအရေအတွက် ငါးရာအား ကြေးနန်းစာမျက်နှာ တစ်မျက်နှာသတ်မှတ်ထားပြီး၊ အင်္ဂလိပ်စာလုံးအရေအတွက် သုံးရာအား ကြေးနန်းစာမျက်နှာတစ်မျက်နှာသတ်မှတ်
ထားကြောင်း သိရသည်။ အွန်လိုင်းမှပေးပို့နိုင်သော ကြေးနန်းစာမျက်နှာ တစ်မျက်နှာအတွက် မြန်မာကျပ်ငွေ သုံးရာကျသင့်မည်ဖြစ်ပြီး prepaid ကတ်တန်ဖိုးအတွက် ပေးသွင်းထားသည့် ကျပ်တစ်သောင်း မကုန်မချင်း တစ်နှစ်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အွန်လိုင်းမှပေးပို့နိုင်သော ကြေးနန်းစာမျက်နှာ တစ်မျက်နှာအတွက် ကျသင့်ငွေ သုံးရာကျပ်ကို ကြေးနန်းတစ်ကြိမ်ပေးပို့တိုင်း တစ်ပါတည်း နှုတ်ယူသွားမည်ဖြစ်ပြီးအကယ်၍ လက်ကျန်ငွေ မရှိတော့ပါက e-Telegram စနစ်၏ softwareမှ ကြေးနန်းပေးပို့ခြင်းကို ပိတ်ပင်ထားမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ e-telegram prepaid စနစ်သည် အဆိုပါကဒ်ကိုင်ဆောင်သူ အချင်းချင်းလည်းအသုံးပြုနိုင်သော prepaid to prepaid စနစ်ဖြစ်ပြီး ကဒ်ရှိသူမှ ကဒ်မရှိသူထံသို့လည်း ကြေးနန်းပေးပို့နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ e-telegram prepaid ကဒ်ရှိသူမှ အဆိုပါကဒ်မရှိသူအား ကြေးနန်းပေးပို့လိုပါက မိမိကြေးနန်းပေးပို့လိုသော ပုဂ္ဂိုလ်တည်ရှိရာမြို့နယ်ရှိ ကြေးနန်းရုံးကို ကြားခံပြီးဆောင်ရွက်နိုင်မည် ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ e-Telegramစနစ်အား အင်တာနက်ဆက်သွယ်မှု ရရှိသော ပြည်နယ်နှင့်တိုင်းအသီးသီးရှိ မြို့နယ်၈၉ခုတွင် ဆောင်ရွက်နိုင်နေပြီဖြစ်သည်။ e-Telegram prepaid ကတ်စနစ်ကို အသုံးပြုခြင်းဖြင့် ပြည်တွင်းပြည်ပ ကြေးနန်းပေးပို့သည့် လုပ်ငန်းများကို ပိုမိုမြန်ဆန်စွာ ဆောက်ရွက်လာနိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ကုမ္ပဏီများမှ အခမ်းအနား ဖိတ်စာများ၊ Marketing Letter များ၊ Share Holder များထံ ပေးစာများအား ဖိတ်စာ Template များတည်ဆောက်ကာ အချက်အလက် များဖြည့်ဆည်းပေး၍ အွန်လိုင်းမှတစ်ဆင့် အချိန်မီပေးပို့သော Electronic Invitation လုပ်ငန်းများကိုလည်း မကြာမီ တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Credit: ယုဇနကိုကို (7Day News Journal)

No comments: